———————————————————————–
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၇)ရက်
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ လူဗ်ပြတိုက် (Louvre museum) မှ ပြင်သစ်နန်းစဉ်ရတနာများ ခိုးယူမှုနဲ့ပတ်သက်ပြီး သံသယရှိသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ပါရီအစိုးရရှေ့နေရုံးက ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးရမိသူများထဲမှ တစ်ဦးကို နိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းနေစဉ်မှာပဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လူဗ်ပြတိုက်ရဲ့ Apollo Gallery ကို ဓားပြများက နေ့ခင်းဘက်မှာ အလွန်ရဲရင့်တဲ့ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီး၊ မိနစ်အနည်းငယ်အတွင်းမှာပဲ တန်ကြေးသန်းပေါင်းများစွာရှိတဲ့ ရတနာ(၇)မျိုးကို ယူဆောင်ထွက်ပြေးခဲ့ကြပါတယ်။
အဆိုပါ ခိုးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူး တစ်ရာကျော်က သံသယရှိသူတွေကို လိုက်လံစုံစမ်းခဲ့ကြတာပါ။ လူဗ်ပြတိုက် ညွှန်ကြားရေးမှူး Laurence des Cars က ဒီဖြစ်ရပ်ကို “ဆိုးရွားတဲ့ ပျက်ကွက်မှု” လို့ ပြောဆိုခဲ့ပါတယ်။
ပြင်သစ်မီဒီယာတွေက ဖမ်းဆီးမှုသတင်းကို စတင်ဖော်ပြခဲ့ကြတာဖြစ်ပြီး၊ CNN ရဲ့ မိတ်ဖက်သတင်းဌာန BFMTV ကတော့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကို စနေနေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ပြီး၊ သူတို့နှစ်ဦးစလုံးဟာ ရဲတပ်ဖွဲ့ကို အရင်ကတည်းက ရင်းနှီးပြီးသား (ပြစ်မှုမှတ်တမ်းရှိ) သူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
BFMTV သတင်းအရ သံသယရှိသူများရဲ့ DNA ကို အသုံးပြုပြီး အာဏာပိုင်တွေက လိုက်လံစုံစမ်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ အမျိုးသားနှစ်ဦးစလုံးဟာ ပါရီမြို့ပြင်ပ Aubervilliers ဆင်ခြေဖုံးရပ်ကွက်က ဖြစ်ကြပြီး၊ တစ်ဦးကို ထိုနေရာမှာပင် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ပါရီအစိုးရရှေ့နေ Laure Beccuau က ဖမ်းဆီးရမိသူနှစ်ဦးထဲက တစ်ဦးဟာ ပါရီမြို့အနီးက Charles de Gaulle လေဆိပ် (Roissy လေဆိပ်) ကနေ နိုင်ငံပြင်ပကို ထွက်ခွာဖို့ ပြင်ဆင်နေစဉ်မှာ ဖမ်းဆီးခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ BFMTV က သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ၊ သူဟာ ညပိုင်း အယ်လ်ဂျီးရီးယားနိုင်ငံသို့ ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်မီ နိုင်ငံကူးလက်မှတ် စစ်ဆေးတဲ့ အဆင့်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင်၊ ဒီခိုးမှုမှာ ပါဝင်ပတ်သက်သည်ဟု သံသယရှိရတဲ့ အခြားလူနှစ်ဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ BFMTV က တနင်္ဂနွေနေ့မှာ ဆက်လက် ဖော်ပြထားပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#Louvremuseum#ပြင်သစ်
