နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မနေ့က နေ့လည်ပိုင်းမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရပါတယ်။
ယာဉ်တိုက်မှုဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ မွန်းတည့် (၁၂) နာရီ အချိန်ခန့်က ပျော်ဘွယ်မြို့နယ်၊ နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၆၄/၅) အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေပြည်တော်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ Light Truck ယာဉ်တစ်စီးဟာ မန္တလေး-နေပြည်တော် ဘက်ခြမ်းကို ရုတ်တရက် ချိုးကွေ့လိုက်စဉ် တစ်ဖက်က မောင်းနှင်လာတဲ့ Toyota Alphard ယာဉ်နှင့် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး ယာဉ်တိုက်မှုကြောင့် Toyota Alphard ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး (၃) ဦး မှာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#နေပြည်တော်#မြန်မာ#ပြည်တွင်းသတင်း
