၂၀၂၆၊မတ်လ၊၁၈ရက်
ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရှိုးဂူက “ရုရှားနိုင်ငံထဲမှာ ယူကရိန်း ဒရုန်း မရောက်နိုင်တဲ့နေရာဆိုတာ မရှိသလောက် ဖြစ်သွားပြီ” လို့ မတ်လ ၁၇ ရက်က ယူရဲလ် တောင်တန်း ယီကက်ထရီရမ်ဘာ့ဂ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။
ရှိုးဂူက “ယူရဲလ် တောင်တန်း ဒေသအထိ ယူကရိန်းက တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလို့ တချိန်က ထင်ခဲ့ပေမဲ့ လက်ရှိ အချိန်မှာတော့ တောင်တန်း ဒေသ တခုလုံး ခြိမ်းခြောက်ခံရတဲ့ ဇုန်ထဲကို ကျရောက်နေပြီ” လို့ ပြောပါတယ်။
“ယူကရိန်းကို ကူညီပေးနေတဲ့ နိုင်ငံ ၅၆ နိုင်ငံနီးပါးရှိနေတာမို့ ရုရှားနိုင်ငံထဲက အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ အမြဲစဥ်းစားကြံဆနေတဲ့ နိုင်ငံ စုစုပေါင်း ၅၆ နိုင်ငံနီးပါး ရှိတယ်လို့ ပြောလို့ရတယ်” လို့ လည်း သူကပြောပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာ ယူကရိန်းရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ လေးဆ ပိုများလာသလို လက်ရှိ အရှေ့အလယ်ပိုင်း ဖြစ်ရပ်တွေ ရှိနေပေမယ့် ရုရှားအပေါ် အကြမ်းဖက် တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေက ထပ်ပြီး တိုးပွားလာနိုင်ပါတယ်။
“ရန်သူရဲ့ ခြိမ်းခြောက်မှု အဆင့်ကို လျှော့တွက်ခြင်းနဲ့ ကိုယ့်ရဲ့အားနည်းချက်တွေကို ပြင်ဆင် ဖြည့်ဆည်းဖို့ နှောင့်နှေးနေတာတွေဟာ ဝမ်းနည်းဖွယ် အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တယ်” လို့ ဆာဂေး ရှိုးဂူက သတိပေးသွားကြောင်းလည်း ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။
