——————————————-
၂၀၂၆ခုနှစ်၊မတ်လ၊(၂၃)ရက်
စက်သုံးဆီကို တစ်ပတ်လျှင် အများဆုံးနှစ်ကြိမ် ဝယ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
လာမယ့် အပတ်အတွင်း ယာဉ်ရဲ့ စက်စွမ်းအားအပေါ် မူတည်ပြီး စက်သုံးဆီဝယ်ယူခွင့်ရှိတဲ့ ပမာဏကို သတ်မှတ်ကာ တစ်ပတ်အတွင်း တစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲပြီး ဝယ်ယူနိုင်မဲ့ စနစ်ကို Bar Code နဲ့ QR Code စနစ်အတွင်း ထည့်သွင်းပြီး စတင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီသုံးစွဲမှုတွေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုတွေ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ဆောင်ရွက်နေရာ မတ် ၁၂ ရက်ကစပြီး မော်တော်ယာဉ်တွေအတွက် Bar Code ကို Scan ဖတ်တာ၊
ဆိုင်ကယ်တွေအတွက် QR Code ထုတ်ပေးတဲ့ စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး
တွေ့ကြုံရတဲ့ အခက်အခဲတွေအပေါ်မှာ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေသလို ပြည်သူလူထုအနေနဲ့ နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလို ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်တွေကို ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ဖို့ စစ်ဆေးကြပ်မတ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတော်အနေနဲ့ စက်သုံးဆီ ဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ပုံမှန်တင်သွင်းနေတဲ့ လမ်းကြောင်းတွေအပြင် အခြားလမ်းကြောင်းတွေကလည်း တင်သွင်းနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ထားမှုတွေရှိပြီး ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြပြီး ဝယ်ယူတာ မပြုလုပ်ဖို့၊ စက်သုံးဆီ ရောင်းချတာတွေနဲ့ စပ်လျဉ်းပြီး မမှန်မကန်မှုတွေ တွေ့ရှိရင် သက်ဆိုင်ရာဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး တိကျစွာ တိုင်ကြားမှုတွေ ပြုလုပ်သွားဖို့ အသိပေး မေတ္တာရပ်ခံထားပါတယ်။
