၂၀၂၆၊မေလ၊၁၉ရက်
ကုန်ဈေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် အီရန်ပဋိပက္ခနောက်ဆက်တွဲသက်ရောက်မှုကြောင့် ကြုံလာရတဲ့အခက်အခဲကို ဖြေရှင်းဖို့ ဥရောပသမဂ္ဂ(EU)က ယူရို ၈ သန်း ကူညီမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ထုတ်ပြန်ပါတယ်။
အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စားသောက်ကုန်နဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နေ့စဉ်ရှင်သန်ရပ်တည်ရေးအတွက်ပါ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် အခုလိုအချိန်မီ ကူညီတာလို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခကြောင့်အပြင် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီပြတ်တောက်မှုပါ ထပ်တိုးလာတာကြောင့် လူ ၄ ယောက်မှာ ၁ ယောက်နှုန်းက ဆာလောင်မွတ်သိမ်မှုဒဏ်ကို ခံနေရပြီး မြန်မာနိုင်ငံက လူဦးရေ ၁၂ ဒဿမ ၄ သန်းအထိ ဆာလောင်မှုဒဏ်ကို ရင်ဆိုင်နေရပြီလို့ WFP က ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
ဒါကြောင့် EU ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေနဲ့ WFP ကနေ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေး အခက်အခဲနဲ့ ပိုပြီးဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့မိသားစုတွေကို အရေးပေါ်စားနပ်ရိက္ခာအကူအညီသွားမယ်လို့ သိရပါတယ်။
ဒါအပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက်ပါ အထူးအာဟာရအထောက်အပံ့တွေလည်း ပေးသွားမယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။
