၂၀၂၆၊ဇွန်လ၊၁၉ရက်
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်မှာ ရပ်ထားတဲ့ပိုင်ရှင်မဲ့ကားကို ခြေရာခံတာကနေ တဆင့် အွန်လိုင်း ကနေ ငွေလိမ်သူ ၁၆ ဦးကို ကမာရွတ်မြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ငွေလိမ်လည်သူတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၈ ဦးဖြစ်ကာ အွန်လိုင်းမှာ အလှကုန်၊ လူသုံးကုန်နဲ့ ကျောက်စိမ်းအရောင်းဝန်ထမ်းအယောင်ဆောင်ကာ တရုတ်နိုင်ငံသားတွေဆီကနေ လိမ်လည်ရောင်းချနေကြတာလို့ ဆိုပါတယ်။
သူတို့ဟာ လုပ်ငန်းအခြေအနေ မကောင်းတော့တာကြောင့် ငွေလိမ်ရာမှာ အသုံးပြုတဲ့ ဖုန်းအလုံးပေါင်း ၁၇၀ ကျော်အပါအဝင် အီလက်ထရောနစ်ပစ္စည်းအများအပြားကို လိုင်စင်မဲ့ကားပေါ်တင်ကာ ရွှေတောင်ကြားလမ်းမှာ စွန့်ပစ်ခဲ့ကြပါတယ်။
အချိန်အတော်ကြာ ရပ်နားထားတဲ့ ဒီကားကို မသင်္ကာတာကြောင့် လွိုင်ဆမ်ဆစ် – Loi Sam Sip စားသောက်ဆိုင်က ရဲကို အကြောင်းကြားခဲ့ပြီးရဲတပ်ဖွဲ့က ဇွန် ၁၆ ရက် မှာ ကားကိုသိမ်းဆည်းကာ ဇွန် ၁၇ ရက်မှာ CCTV မှတ်တမ်းအရ ကမာရွတ်မြို့နယ်၊ အောင်မင်းခေါင် ၁ လမ်းက နေအိမ်တစ်လုံးကို ဆက်လက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအိမ်ထဲမှာ အွန်လိုင်းငွေလိမ်သူတွေကို ဖမ်းဆီးရမိပြီး ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူမယ် သက်ဆိုင်ရာတွေက ထုတ်ပြန်ထားပါတယ်။
