Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေဖိအားနည်းရပ်ဝန်းကြောင့် (၈)ရက်တာအတွင်း မိုးထစ်ချုန်းရွာပြီး

မိုးကြီးမည်ဟုသတိပေးချက်ထုတ်

—————————————–

၂၀၂၆ခုနှစ်၊ဇူလိုင်လ၊(၂)ရက်

လေဖိအားနည်းရပ်ဝန်းကြောင့် (၈)ရက်တာ ၃-၇-၂၀၂၆ ရက်နေ့မှ ၁၀-၇-၂၀၂၆ ရက်နေ့အတွင်း မိုးထစ်ချုန်းရွာပြီးမိုးကြီးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းမှာ ၃-၇-၂၀၂၆ ရက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာ နိုင်ခြင်းကြောင့်လည်းကောင်း ၃-၇-၂၀၂၆ ရက်နေ့မှ ၁၀-၇-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

လေဖိအား နည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ဖို့ သတိပေးထားပါတယ်။

ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် ထားပါတယ်။